ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသည့် မုန်တိုင်းဒုက္ခသည်များကို ကူညီပေးနေသော လူရွှင်တော် ဇာဂနာ၏ နေအိမ်ကို ယနေ့ နေ့လယ်တွင် အာဏာပိုင်များက ဒုတိယ အကြိမ် ထပ်မံရှာဖွေ၍ ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ် ကြောင်း ကိုဇာဂနာ၏ မိခင်က ပြောသည်။
ယင်းသို့ လူရွှင်တော်ဇာဂနာ၏ အိမ်ကို ထပ်မံရှာဖွေ ခြင်းမှာ အာဏာပိုင်များက လူငယ်တဦးကိုလိုချင်သည့် အတွက် ဖြစ်ပြီး ယင်းလူငယ်ကို မရရှိပါက ကိုဇာဂနာ၏ ခယ်မဖြစ်သူကို ဖမ်းဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ကိုဇာဂနာ၏ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။
“ဟုတ်ပါတယ်၊ ကိုသူရအိမ်မှာ ဒုတိယအကြိမ်ဝင်ရှာတာ၊ ဘာမှ မရတဲ့အခါကျတော့ ကိုသူရ တောက်တိုမယ်ရ ခိုင်းဖို့ ခေါ်ထားတဲ့ ကလေးကို ရှာခိုင်းတယ်၊ သူက ကိုသူရမရှိတော့ ပြန်သွားတယ်၊ ဘယ်နေမှန်းလဲမသိဘူး၊ အဲဒီ ကလေးကို မတွေ့ရင် ခယ်မကို ခေါ်သွားမယ်လို့ ပြောတယ်၊ ဘယ့်နဲ့မှ မတတ်နိုင်ဘူး ခေါ်ရင်လည်းလိုက်သွား ပေါ့၊ သူတို့လက်ထဲမှာရှိတာ”ဟု ဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။
ယမန်နေ့က လူရွှင်တော်ဇာဂနာကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အာဏာပိုင်များက ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် လေဘေး ကယ်ဆယ်ရေးလုပ်ငန်းမှတ်တမ်း စီဒီ ဓာတ်ပြား၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသောည စီဒီ ဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တခု၊ အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းဆည်းသွားခဲ့သည်။
ကိုဇာဂနာသည် မေလ ၃ ရက် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာကစတင်၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ကို တခြားသော အနုပညာရှင်ပေါင်းများစွာနှင့် လက်တွဲလုပ်ကိုင်နေသူဖြစ်သည်။ မုန်တိုင်း တိုက်ပြီး၍ တလခန့် အကြာတွင် လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ လေဘေး ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဖမ်းဆီးမခံရမီ အချိန်အထိ ပူးတွဲ လုပ်ကိုင်လျှက်ရှိသည်။
ယခုကဲ့သို့ လေဘေး ဒုက္ခသည်များကို ကူညီနေသူ ကိုဇာဂနာအား ဖမ်းဆီးခြင်းသည် ဒုက္ခသည်များအတွက် ကူညီပေးရေး လုပ်ငန်းကို ဖျက်ဆီးခြင်းပင် ဖြစ်သည်ဟု ဆရာမကြီး ဒေါ်ကြည်ဦးကပြောသည်။
“သူ့မျက်နှာနဲ့ ဆက်လှူမှာတွေကလည်း ရှိသေးတယ်၊ ဟို အဝေးနယ်မှာရှိတဲ့ မိန်းမအလှကျွန်း၊ ခမောက်စု ဆိုတဲ့ ရွာ၊ စပ်စု ဆိုတဲ့ရွာ တွေကို သွားပြီးလို့ တရက်ပဲ ရှိသေးတယ်၊ မောင်သူရကို ခေါ်သွားတာ၊ အဲဒီမှာ မျိုးစပါး၊ ဆီ၊ ဆား ဝယ်ပေးမယ်ဆို တာတွေ ပြောခဲ့တာ၊ ဒီမှာလည်း ဝယ်ထားတာ လက်စလက်နတွေရှိသေးတယ်၊ ရေသန့်တွေ အတွက် စရံပေးထားတာတွေရှိ သေးတယ်၊ အဲဒီလို သူများ အလှူအတန်းလုပ်နေတာကို ဖျက်ဆီးလိုက်သလိုဖြစ် တာပေါ့” ဟု ဆရာမကြီး ဒေါ်ကြည်ဦးက ဆက်လက်ပြောကြားသည်။ ထိုသို့ လူရွှင်တော်ဇာဂနာကို ဖမ်းဆီးပြီးနောက် ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် လေဘေးသင့် ပြည်သူ များကို ခုတုံးလုပ်အသုံးချသူများနှင့် လုပ်ကြံသတင်းများကို ပြည်ပသတင်းမီဒီယာများသို့ ပေးပို့ ကိုယ်ကျိုးရှာနေ သူများ ရှိနေကြောင်း တိုက်ဆိုင်စွာ ရေးသား ဖော်ပြထားသည်။
သတင်း Irrawaddy
Saturday, June 7, 2008
လူရွှင်တော် ဇာဂနာ၏ နေအိမ် ထပ်မံရှာဖွေခံရ
Posted by မြန်မာ့အားမာန် at 8:19 PM
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment