Wednesday, June 11, 2008

စကော့တလန်က ပေးအပ်သည့်ဆု ဒေါ်အောင်ဆန်းစုကြည်ရရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စကော့တလန်နိုင်ငံ၊ ဒန်ဒီမြို့က ၎င်းမြို့၏ အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုအတွက် ရွေးချယ်ကြောင်း မြို့တော်ကောင်စီဝင်အဖွဲ့က ယမန်နေ့ညတွင် ကြေညာလိုက်သည်။

အဆိုပါဆုကို စက်တင်ဘာလတွင် ချီးမြှင့်မည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံအခြေစိုက် Burma Campaign (UK) မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့၏ ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမည်ဟု သိရသည်။

အန်အယ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အဖွဲ့ချူပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆုချီးမြှင့်တဲ့အတွက် ကျနော်တို့က ဝမ်းသာကြိုဆိုပါတယ်။ သို့သော်လည်းပဲ နအဖက ကျနော်တို့ အဖွဲ့တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ အဖမ်းအဆီးတွေကို တိုးချဲ့တာဟာ ဝမ်းနည်းစရာပဲလို့ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

ဆုရွေးချယ်ရေးအဖွဲ့၏ ကြေညာချက်တွင် နိုဘဲယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေမှုကို ဂုဏ်ပြုကြောင်း၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားခြင်းမှ ချက်ချင်းပြန်လွှတ်ပေးရန်တို့ ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ်ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၂ နှစ် ကျော်ပြီဖြစ်သည်။

ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်သည့် အဖွဲ့ချူပ်ကြေညာချက်အရ မေလ ၂၇ ရက်နေ့က နေအိမ်အကျယ်ချုပ် ထပ်တိုးခြင်းခံခဲ့ ရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို နိုင်ငံတော်ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ (ခ) အရ အာဏာပိုင်တို့က အကျယ်ချုပ် ချထားခြင်းသည် တည်ဆဲဥပဒေအရမှားယွင်းနေကြောင်း ခိုင်လုံသည့် ဥပဒေဆိုင်ရာကိုးကားချက်များကိုဖော်ပြပြီး အန်န်အယ်လ်ဒီ အနေနှင့် အယူခံဝင်ရန်ရှိသည်ဟု သိရသည်။

သို့သော်လည်း ယနေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးခြင်း နှင့်ပတ်သက်ပြီး ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်ညီညွတ်သည်ဟု ဆောင်းပါးရှင် ကျော်ရဲမင်းက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းက အမေရိကန် အထက် လွှတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံကချီးမြှင့်သည့် တွင်နိုဘဲယ်လ် ငြိမ်းချမ်းရေးဆုအပါအ၀င် နိုင်ငံတကာဆုပေါင်း များစွာကို ရရှိထားသူ ဖြစ်သည်။

သားဖြစ်သူ မူးယစ် ရောင်းဝယ်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီးတဦး နှုတ်ထွက်ရတော့မည်။

အောင်ဇော်ရဲမြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပတ်သက်သည်ဟု ရဲက အလိုရှိနေသည့် ရုပ်ရှင်မင်းသမီး န၀ရတ် ...

သားဖြစ်သူ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်နေခြင်းကြောင့် ကစထ (၁) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ကို နှုတ်ထွက်ခိုင်းထားသည်ဟု သတင်းများ ကြားသိရပါသည်။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် နှုတ်ထွက် စေလိုသည်ဟု ဆိုသည်။ “(ဒုတိယ ဗိုလ်ချုပ်ကြီး) ရဲမြင့် ဒီနေ့ (ဗုဒ္ဓဟူးနေ့) ဒါမှမဟုတ် မကြာခင် သွားတော့မှာပါ” ဟု စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောကြားသွားပါသည်။

ငြိမ်းချမ်းရေး အဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ရာ၌ တချိန်က ရဲမြင့်သည် သန်းရွှေ၏ အထူး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့ရသူ ဖြစ်သည်။ မက်တာ အင်ဖက်တမင်း ဆေးပြားများ အဓိက ထုတ်လုပ်သူ ဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် ငြိမ်းအဖွဲ့များကို မိမိအလိုအလျောက် လက်နက်စွန့်ရန် ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ရသူ ဖြစ်သည်။

(UWSA) သည် ပြည်တွင်း မူးယစ်ဆေးဝါး ဈေးကွက် အများစုကို ချုပ်ကိုင်ရန် ရည်ရွယ် ကြံစည်ခြင်း ဖြစ်သည်ဟု ထိုအမှုကို စုံစမ်းနေသော အဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ မဇ္ဈိမ လျှို့ဝှက် သတင်းထောက်က သတင်း ပေးပို့ပါသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို မေလ နောက်ဆုံးအပတ်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဤသတင်းကို မဇ္ဈိမက ဇွန်လ (၅) ရက်နေ့က စတင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ဤဖမ်းဆီး နှိမ်နင်းမှုတွင် ငယ်ရွယ်သော စီးပွါးရေးသမား တဦးလည်းဖြစ်၊ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင် တဦးလည်းဖြစ်သူ မောင်ဝိတ် လည်း အခြား ရုပ်ရှင်လောကမှ နာမည်ကြီး အနုပညာရှင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

စစ်ထောက်လှမ်းရေးနှင့် အထူး ရဲတပ်ဖွဲ့တို့က ကြည်မြင်တိုင် မြို့နယ်အတွင်းရှိ အောင်ဇော်ရဲမြင့်ပိုင် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းကို ဝင်ရောက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးများ၊ သေနတ်တလက်၊ လက်ထိပ်များနှင့် မြန်မာငွေကျပ် သန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည် ဟု ဆိုသည်။

“တခန်းလုံး တထောင်တန် ငွေစက္ကူတွေနဲ့ ပြည့်နေတာဘဲဗျာ” ဟု စစ်အစိုးရနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောကြားသွားပါသည်။

မူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်နေသည်ဟု ဖေါ်ထုတ် ရရှိခဲ့ခြင်းကြောင့် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ မောင်ဝိတ်ကိုပါ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောဆိုပါသည်။

မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီသည် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသတခု ဖြစ်သည့် ကျိုက်လတ်မြို့နယ်တွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။

သို့သော် အခြား သတင်းရပ်ကွက် တခုကမူ မောင်ဝိတ်ထံမှ ဘာမှ မတွေ့ရဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု ပြောသည်။ ရုပ်ရှင် မင်းသမီး အများစု ပါဝင်သည့် ရုပ်ရှင် သရုပ်ဆောင် အများအပြားလည်း ဤအမှုတွင် ဖမ်းဆီး ခံခဲ့ကြရပြီး ယခုအခါ ခံဝန်ဖြင့် လွှတ်ထားသည်ဟု ဆိုသည်။

ရဲအဖွဲ့၏ အလိုရှိသည် စာရင်းတွင် အောင်ဇော်ရဲမြင့်၏ ရင်းနှီးသော မိတ်ဆွေဖြစ်သည့် ရုပ်ရှင်မင်းသမီး နဝရတ် ရှေ့ဆုံးမှ ပါဝင်နေသည်။ သူတို့ ၂ ဦးသည် မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်ငန်းနှင့် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သို့ သွားရောက်ခဲ့ကြသည်ဟု ဤနာမည်ကြီးများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမ ကို ပြောပါသည်။

အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် မက်တာအင် ဖင်တမင်း ထုတ်လုပ်မှုတွင် အာရှ၌ အကြီးမားဆုံး နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ သာမက အမေရိကန် ပြည်ထောင်စုသို့လည်း တင်ပို့ ရောင်းချနေသည်ဟု ဆိုသည်။

ရာဘ နှင့် အခြား စိတ်ကြွဆေးများ ကဲ့သို့သော တရားမဝင် မူးယစ်ဆေးဝါးများကို သုံးစွဲနေကြသူများတွင် မြန်မာ သရုပ်ဆောင် နာမည်ကြီး အတော်များများသည် အောင်ဇော်ရဲမြင့်၏ ဖေါက်သည်များ ဖြစ်နေကြသည်မှာ ပြည်တွင်းတွင် အများသိသော လျှို့ဝှက်ချက်တရပ် ဖြစ်သည်။ ပြည်တွင်းတွင် ‘ခေါင်းခါဆေး’ ဟု လူသိများသော ခရစ် စတယ်မက်တာ အင်ဖင်တမင်းမှာ ရန်ကုန်မြို့၌ တပြားလျှင် ကျပ်ငွေ ၅ သောင်း ပေါက်ဈေး ရှိသည်။

အောင်ဇော်ရဲမြင့်နှင့် ပတ်သက်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သော သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က အောင်ဇော်ရဲမြင့်ကို လမ်းလုပ်ငန်းတခုနှင့် ပတ်သက်၍ အမျက်တော် ရှခဲ့ဖူးသည်။

မေမြို့-မန္တလေး လမ်းဖောက်လုပ်ရန် ရဲတံခွန် ကုမ္ပဏီကို အစိုးရက ကန်ထရိုက် ပေးခဲ့ရာ ကောင်းမွန်အောင် ဖောက်လုပ်ခဲ့ခြင်း မရှိသောကြောင့် အေးရှားဝေါလ်ဒ် (Asia World) ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည် ဖောက်လုပ်ခဲ့ရသည်။

ဘလော့ဂါတွေဆောက်နေတဲ့အိမ်

ရန်ကုန်မြို့က ဘလော့ဂ်ဂါ ၅ ဦးနဲ့ စတင် စုစည်းထားတဲ့ Handy Myanmar Youthsလို့ ခေါ်တဲ့ အဖွဲ့လေးဟာလပွတ္တာမြို့နယ်အတွင်းက ကုက္ကိုကျေးရွာက ရွာသားတွေ နေထိုင်ဖို့ ယာယီတဲ ၃၉ လုံး ဆောက်လုပ် ကူညီပြီးသွားပြီလို့ သိရပါတယ်။ အဲဒီအဖွဲ့လေးဟာ ရန်ကုန်မြို့က ဘလော့ဂ်ဂါတွေ ဖြစ်တဲ့ ညီလင်းဆက်၊ စိုးဇေယျ၊ မျက်လုံး၊ ကျော်ဆွေဝင်း၊ မင်းရဲကျော်တို့နဲ့ စတင် စုစည်းထားတာ ဖြစ်ပါတယ်။သူတို့တွေဟာ မေလ ၁၀ ရက်နေ့ ၀န်းကျင်က လပွတ္တာဒေသကို စတင် သွားရောက်ပြီး မုန်တိုင်းသင့် ပြည်သူများကို တတ်နိုင်သလောက် ကူညီခဲ့တာ ဖြစ်ပါတယ်။ သူတို့ ဆောက်ပေးထားတဲ့ အိမ်လေးများကို ဘတ်ဂျက် တဲ (Budget Hut) (တန်ဖိုးနည်း တဲအိမ်) လို့ ခေါ်ကြပြီး ၁၀ ပေ ၁၂ ပေ တဲ အမျိုးအစားနဲ့ ၁၂ ပေ ၁၈ပေ အမျိုး အစား နှစ်မျိုး ဆောက်လုပ်ပေးကြတာပါ။ ၁၀ ပေ အမျိုးအစား တဲ အတွက်ဆိုရင် တာပေါ်လင်စ ပေ ၁၀၀၊ သံမျိုးစုံ ၈၀ ကျပ်သား၊ ကြမ်းခင်းသစ် ခြောက်ငါးမူး (ခြောက်လက္မ x လက်မ၀က်) ပေ ၂၄၀၊ ကျစ်ကြိုး တပိဿာ ကုန်ကျပြီး နေထိုင်မယ့်သူများအတွက် ဒန်အိုးတလုံး၊ စောင် တထည်၊ ခြင်ထောင်တလုံး၊ ရေခွက်တလုံး၊ ပန်းကန် ၂ ချပ်၊ ဟင်းထည့်ခွက် ၁ လုံး ပါ ထည့်ပေးထားပါတယ်။ ၁၂ ပေ တဲ အတွက်ဆိုရင်တော့ တာပေါ်လင် ပေ ၂၀၀၊ သံမျိုးစုံ တပိဿာ၊ ကျစ်ကြိုး တပိဿာ ကုန်ကျပြီး အိမ်သုံးပစ္စည်းတွေကိုတော့ မိသားစု အရေအတွက်အလိုက် ကူညီပေးတယ်လို့ သိရပါတယ်။ မုန်တိုင်းခံ ပြည်သူတွေအဖို့ အခု တဲအိမ်လေးများမှာ အနည်းဆုံး တနှစ် လောက်တော့ နေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ တဲအိမ်လေးများ မဆောက်ပေးနိုင်ခင်က မုန်တိုင်းဘေးက လွတ်မြောက်လာကြသူများဟာ မြေကြီးပေါ်မှာ အုန်းလက်များ ခင်းလျက် အိပ်ယာဝင်ကြရ တယ်ဆို့ သိရပါတယ်။ သူတို့ကို မက်စ် မြန်မာ အဖွဲ့နဲ့ ဇေကမ္ဘာကုမ္ပဏီက မိတ်ဆွေတချို့က ကူညီကြောင်း၊ အလှူငွေကိုတော့ ပြည်တွင်းပြည်ပက မိတ်ဆွေများက ထည့်ဝင်ကြောင်း၊ ဇွန်လ ၈ ရက်နေ့အထိ မြန်မာကျပ်ငွေ သိန်း ၂၄၀ ခန့် အလှူငွေ ရရှိပြီးဖြစ်ကြောင်း၊ အခုလို တန်ဖိုးနည်းတဲအိမ်များကို အလှူငွေတွေ ရရှိနေသရွေ့ တည်ဆောက်ပေးနေမှာဖြစ်ကြောင်း ရန်ကုန်သတင်းရပ်ကွက်က ပြောပြပါတယ်။ Handy Myanmar Youths အနေနဲ့ အသင်းအဖွဲ့၊ ကုမ္ပဏီ အမည်နဲ့ တဲအိမ် လုံးရေအလိုက် တည်ဆောက်လိုရင်လည်း လုပ်ပေးနိုင်ကြောင်း၊ သူတို့ သွားရောက်ခဲ့တဲ့ ဒေသတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ လိုအပ်ရင်လည်း အကူအညီပေးနိုင် ကြောင်း သတင်းရရှိပါတယ်။ ဘားမားတူဒေး သိရှိရတဲ့ သတင်းအရ သူတို့ ဆောက်လုပ်ပြီးစီးသွားတဲ့ အိမ် ၅၀ ကျော်ရှိပြီး နောက်ထပ် ဆောက်လုပ်ဆဲ အိမ် အလုံး ၅၀ ကျော်ရှိပါတယ်။ အဲဒီ တန်ဖိုးနည်း တဲအိမ်တွေကို လပွတ္တာမြို့နယ်ထဲမှာ ဆောက်လုပ်ခဲ့ကြတာဖြစ်ပြီး ပြင်ကနုကုန်းနဲ့ ကုက္ကိုကျေးရွာတွေမှာ အပြီးသတ် ဆောက်လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ စလူဆိပ်ကျေးရွာအုပ်စုထဲက ပြင်ကနုဝနဲ့ ဒရယ်ဖြူ ကျေးရွာ၊ ကညင်ကုန်းကျေးရွာအုပ်စုထဲက သိုင်းချောင်း၊ မလေးကြီးကုန်း၊ ရခိုင်ကုန်း၊ ကညင်တပင် ကျေးရွာများ၊ ရွှေကျွန်းသာ ကျေးရွာအုပ်စုထဲက ကျောင်းစုကျေးရွာ၊ ကန့်ဘလာ တပင်ချောင်း ကျေးရွာတွေမှာ ဆောက်လုပ် နေတာဖြစ်ပါတယ်။ ၁၀ ပေ ၁၂ ပေ အိမ်တလုံးအတွက် တိုင်များ တန်ဖိုးမပါ ကျပ်တသိန်းခွဲခန့်
ကုန်ကျပြီး ၁၂ ပေ ၁၈ ပေ အိမ်တလုံးအတွက် ကျပ် နှစ်သိန်းခန့် ကုန်ကျပါတယ်။ သူတို့မှာရှိတဲ့ ရန်ပုံငွေနဲ့ဆိုရင် အခု ဆောက်ပေးဖို့ စီစဉ်ပြီးသာ အိမ်အလုံး ၁၀၀ လောက်ပဲ ဆောက်နိုင်ပါလိမ့်မယ်။ ဇွန်လ ၇ ရက်နေ့က သူတို့အဖွဲ့သား ၂ ဦးနဲ့ ကူညီသူ ၄ ဦး၊ စုစုပေါင်း ၆ ဦး လိုအပ်တဲ့ ပစ္စည်းတချို့နဲ့အတူ လပွတ္တာကို ထပ်မံသွားရောက်ကြပြီ ဖြစ်ပါတယ်။ သူတို့နဲ့အတူ မုန်တိုင်းဒဏ်ခံ ပြည်သူတွေကို အိမ်သာတွေ ဆောက်ပေးနေတဲ့ Raven အဖွဲ့က အဖွဲ့ဝင်တဦးလည်း လိုက်လံ လေ့လာကာ အဆင်ပြေရင် နေအိမ်တွေနဲ့အတူ အိမ်သာတွေပါ ဆောက်လုပ်ပေးနိုင်ဖို့ စီစဉ်နေကြပါတယ်။ ပြည်ပကနေပြီး သူတို့ကို ကူညီ လိုသူများအနေနဲ့ Moegyo Humanitarian Foundation (http://blog.moegyo.org/) အင်တာနက် စာမျက်နှာက တဆင့် အလှူငွေ ထည့်နိုင်ကြပါတယ်။ ဘားမားတူဒေးအနေနဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီနေတဲ့သတင်းတွေ ကြားနေရပေမယ့် အခုလို နေအိမ် တည်ဆောက်ပေးတဲ့ သတင်းကတော့ အခုမှရရှိတာ ဖြစ်ပါတယ်။ သူတို့ဟာ အသက် ၃၀ အောက် လူငယ်များဖြစ်ပြီး လုပ်လက်စ အလုပ်တွေကို ရပ်ထားပြီး အခုလို မုန်တိုင်းသင့် ပြည်သူတွေကို ကူညီနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကူညီမှုသတင်းကို ကြားရသူတဦးက “မြန်မာလူငယ်တွေအနေနဲ့ ကိုယ့်နိုင်ငံအတွက် တတ်နိုင်တဲ့ ဘက်က ကူညီနေတဲ့ သတင်း ကြားရတာ အင်မတန် မင်္ဂလာရှိပါတယ်။ အဲဒီလို လူငယ်တွေ ကျွန်တော်တို့ တိုင်းပြည်မှာ အများကြီး လိုအပ်နေပြီး သူတို့တွေနဲ့ အနာဂတ် တိုင်းပြည်ကြီးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ လုပ်နေပုံနဲ့ကတော့ တိုင်းပြည်ကြီး ဒီ့ထက် ပိုပြီး စုတ်ပြတ်ဖို့ပဲ ရှိပါတယ်။ လို့ ဘားမားတူဒေးကို မှတ်ချက်ပေးသွားပါတယ်။