ရန်ကုန်မြို့က ဘလော့ဂ်ဂါ ၅ ဦးနဲ့ စတင် စုစည်းထားတဲ့ Handy Myanmar Youthsလို့ ခေါ်တဲ့ အဖွဲ့လေးဟာလပွတ္တာမြို့နယ်အတွင်းက ကုက္ကိုကျေးရွာက ရွာသားတွေ နေထိုင်ဖို့ ယာယီတဲ ၃၉ လုံး ဆောက်လုပ် ကူညီပြီးသွားပြီလို့ သိရပါတယ်။ အဲဒီအဖွဲ့လေးဟာ ရန်ကုန်မြို့က ဘလော့ဂ်ဂါတွေ ဖြစ်တဲ့ ညီလင်းဆက်၊ စိုးဇေယျ၊ မျက်လုံး၊ ကျော်ဆွေဝင်း၊ မင်းရဲကျော်တို့နဲ့ စတင် စုစည်းထားတာ ဖြစ်ပါတယ်။သူတို့တွေဟာ မေလ ၁၀ ရက်နေ့ ၀န်းကျင်က လပွတ္တာဒေသကို စတင် သွားရောက်ပြီး မုန်တိုင်းသင့် ပြည်သူများကို တတ်နိုင်သလောက် ကူညီခဲ့တာ ဖြစ်ပါတယ်။ သူတို့ ဆောက်ပေးထားတဲ့ အိမ်လေးများကို ဘတ်ဂျက် တဲ (Budget Hut) (တန်ဖိုးနည်း တဲအိမ်) လို့ ခေါ်ကြပြီး ၁၀ ပေ ၁၂ ပေ တဲ အမျိုးအစားနဲ့ ၁၂ ပေ ၁၈ပေ အမျိုး အစား နှစ်မျိုး ဆောက်လုပ်ပေးကြတာပါ။ ၁၀ ပေ အမျိုးအစား တဲ အတွက်ဆိုရင် တာပေါ်လင်စ ပေ ၁၀၀၊ သံမျိုးစုံ ၈၀ ကျပ်သား၊ ကြမ်းခင်းသစ် ခြောက်ငါးမူး (ခြောက်လက္မ x လက်မ၀က်) ပေ ၂၄၀၊ ကျစ်ကြိုး တပိဿာ ကုန်ကျပြီး နေထိုင်မယ့်သူများအတွက် ဒန်အိုးတလုံး၊ စောင် တထည်၊ ခြင်ထောင်တလုံး၊ ရေခွက်တလုံး၊ ပန်းကန် ၂ ချပ်၊ ဟင်းထည့်ခွက် ၁ လုံး ပါ ထည့်ပေးထားပါတယ်။ ၁၂ ပေ တဲ အတွက်ဆိုရင်တော့ တာပေါ်လင် ပေ ၂၀၀၊ သံမျိုးစုံ တပိဿာ၊ ကျစ်ကြိုး တပိဿာ ကုန်ကျပြီး အိမ်သုံးပစ္စည်းတွေကိုတော့ မိသားစု အရေအတွက်အလိုက် ကူညီပေးတယ်လို့ သိရပါတယ်။ မုန်တိုင်းခံ ပြည်သူတွေအဖို့ အခု တဲအိမ်လေးများမှာ အနည်းဆုံး တနှစ် လောက်တော့ နေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ တဲအိမ်လေးများ မဆောက်ပေးနိုင်ခင်က မုန်တိုင်းဘေးက လွတ်မြောက်လာကြသူများဟာ မြေကြီးပေါ်မှာ အုန်းလက်များ ခင်းလျက် အိပ်ယာဝင်ကြရ တယ်ဆို့ သိရပါတယ်။ သူတို့ကို မက်စ် မြန်မာ အဖွဲ့နဲ့ ဇေကမ္ဘာကုမ္ပဏီက မိတ်ဆွေတချို့က ကူညီကြောင်း၊ အလှူငွေကိုတော့ ပြည်တွင်းပြည်ပက မိတ်ဆွေများက ထည့်ဝင်ကြောင်း၊ ဇွန်လ ၈ ရက်နေ့အထိ မြန်မာကျပ်ငွေ သိန်း ၂၄၀ ခန့် အလှူငွေ ရရှိပြီးဖြစ်ကြောင်း၊ အခုလို တန်ဖိုးနည်းတဲအိမ်များကို အလှူငွေတွေ ရရှိနေသရွေ့ တည်ဆောက်ပေးနေမှာဖြစ်ကြောင်း ရန်ကုန်သတင်းရပ်ကွက်က ပြောပြပါတယ်။ Handy Myanmar Youths အနေနဲ့ အသင်းအဖွဲ့၊ ကုမ္ပဏီ အမည်နဲ့ တဲအိမ် လုံးရေအလိုက် တည်ဆောက်လိုရင်လည်း လုပ်ပေးနိုင်ကြောင်း၊ သူတို့ သွားရောက်ခဲ့တဲ့ ဒေသတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ လိုအပ်ရင်လည်း အကူအညီပေးနိုင် ကြောင်း သတင်းရရှိပါတယ်။ ဘားမားတူဒေး သိရှိရတဲ့ သတင်းအရ သူတို့ ဆောက်လုပ်ပြီးစီးသွားတဲ့ အိမ် ၅၀ ကျော်ရှိပြီး နောက်ထပ် ဆောက်လုပ်ဆဲ အိမ် အလုံး ၅၀ ကျော်ရှိပါတယ်။ အဲဒီ တန်ဖိုးနည်း တဲအိမ်တွေကို လပွတ္တာမြို့နယ်ထဲမှာ ဆောက်လုပ်ခဲ့ကြတာဖြစ်ပြီး ပြင်ကနုကုန်းနဲ့ ကုက္ကိုကျေးရွာတွေမှာ အပြီးသတ် ဆောက်လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ စလူဆိပ်ကျေးရွာအုပ်စုထဲက ပြင်ကနုဝနဲ့ ဒရယ်ဖြူ ကျေးရွာ၊ ကညင်ကုန်းကျေးရွာအုပ်စုထဲက သိုင်းချောင်း၊ မလေးကြီးကုန်း၊ ရခိုင်ကုန်း၊ ကညင်တပင် ကျေးရွာများ၊ ရွှေကျွန်းသာ ကျေးရွာအုပ်စုထဲက ကျောင်းစုကျေးရွာ၊ ကန့်ဘလာ တပင်ချောင်း ကျေးရွာတွေမှာ ဆောက်လုပ် နေတာဖြစ်ပါတယ်။ ၁၀ ပေ ၁၂ ပေ အိမ်တလုံးအတွက် တိုင်များ တန်ဖိုးမပါ ကျပ်တသိန်းခွဲခန့်ကုန်ကျပြီး ၁၂ ပေ ၁၈ ပေ အိမ်တလုံးအတွက် ကျပ် နှစ်သိန်းခန့် ကုန်ကျပါတယ်။ သူတို့မှာရှိတဲ့ ရန်ပုံငွေနဲ့ဆိုရင် အခု ဆောက်ပေးဖို့ စီစဉ်ပြီးသာ အိမ်အလုံး ၁၀၀ လောက်ပဲ ဆောက်နိုင်ပါလိမ့်မယ်။ ဇွန်လ ၇ ရက်နေ့က သူတို့အဖွဲ့သား ၂ ဦးနဲ့ ကူညီသူ ၄ ဦး၊ စုစုပေါင်း ၆ ဦး လိုအပ်တဲ့ ပစ္စည်းတချို့နဲ့အတူ လပွတ္တာကို ထပ်မံသွားရောက်ကြပြီ ဖြစ်ပါတယ်။ သူတို့နဲ့အတူ မုန်တိုင်းဒဏ်ခံ ပြည်သူတွေကို အိမ်သာတွေ ဆောက်ပေးနေတဲ့ Raven အဖွဲ့က အဖွဲ့ဝင်တဦးလည်း လိုက်လံ လေ့လာကာ အဆင်ပြေရင် နေအိမ်တွေနဲ့အတူ အိမ်သာတွေပါ ဆောက်လုပ်ပေးနိုင်ဖို့ စီစဉ်နေကြပါတယ်။ ပြည်ပကနေပြီး သူတို့ကို ကူညီ လိုသူများအနေနဲ့ Moegyo Humanitarian Foundation (http://blog.moegyo.org/) အင်တာနက် စာမျက်နှာက တဆင့် အလှူငွေ ထည့်နိုင်ကြပါတယ်။ ဘားမားတူဒေးအနေနဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီနေတဲ့သတင်းတွေ ကြားနေရပေမယ့် အခုလို နေအိမ် တည်ဆောက်ပေးတဲ့ သတင်းကတော့ အခုမှရရှိတာ ဖြစ်ပါတယ်။ သူတို့ဟာ အသက် ၃၀ အောက် လူငယ်များဖြစ်ပြီး လုပ်လက်စ အလုပ်တွေကို ရပ်ထားပြီး အခုလို မုန်တိုင်းသင့် ပြည်သူတွေကို ကူညီနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကူညီမှုသတင်းကို ကြားရသူတဦးက “မြန်မာလူငယ်တွေအနေနဲ့ ကိုယ့်နိုင်ငံအတွက် တတ်နိုင်တဲ့ ဘက်က ကူညီနေတဲ့ သတင်း ကြားရတာ အင်မတန် မင်္ဂလာရှိပါတယ်။ အဲဒီလို လူငယ်တွေ ကျွန်တော်တို့ တိုင်းပြည်မှာ အများကြီး လိုအပ်နေပြီး သူတို့တွေနဲ့ အနာဂတ် တိုင်းပြည်ကြီးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ လုပ်နေပုံနဲ့ကတော့ တိုင်းပြည်ကြီး ဒီ့ထက် ပိုပြီး စုတ်ပြတ်ဖို့ပဲ ရှိပါတယ်။ လို့ ဘားမားတူဒေးကို မှတ်ချက်ပေးသွားပါတယ်။

0 comments:
Post a Comment