Saturday, June 7, 2008

လူရွှင်တော် ဇာဂနာ၏ နေအိမ် ထပ်မံရှာဖွေခံရ

ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသည့် မုန်တိုင်းဒုက္ခသည်များကို ကူညီပေးနေသော လူရွှင်တော် ဇာဂနာ၏ နေအိမ်ကို ယနေ့ နေ့လယ်တွင် အာဏာပိုင်များက ဒုတိယ အကြိမ် ထပ်မံရှာဖွေ၍ ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ် ကြောင်း ကိုဇာဂနာ၏ မိခင်က ပြောသည်။
ယင်းသို့ လူရွှင်တော်ဇာဂနာ၏ အိမ်ကို ထပ်မံရှာဖွေ ခြင်းမှာ အာဏာပိုင်များက လူငယ်တဦးကိုလိုချင်သည့် အတွက် ဖြစ်ပြီး ယင်းလူငယ်ကို မရရှိပါက ကိုဇာဂနာ၏ ခယ်မဖြစ်သူကို ဖမ်းဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ကိုဇာဂနာ၏ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။
“ဟုတ်ပါတယ်၊ ကိုသူရအိမ်မှာ ဒုတိယအကြိမ်ဝင်ရှာတာ၊ ဘာမှ မရတဲ့အခါကျတော့ ကိုသူရ တောက်တိုမယ်ရ ခိုင်းဖို့ ခေါ်ထားတဲ့ ကလေးကို ရှာခိုင်းတယ်၊ သူက ကိုသူရမရှိတော့ ပြန်သွားတယ်၊ ဘယ်နေမှန်းလဲမသိဘူး၊ အဲဒီ ကလေးကို မတွေ့ရင် ခယ်မကို ခေါ်သွားမယ်လို့ ပြောတယ်၊ ဘယ့်နဲ့မှ မတတ်နိုင်ဘူး ခေါ်ရင်လည်းလိုက်သွား ပေါ့၊ သူတို့လက်ထဲမှာရှိတာ”ဟု ဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။
ယမန်နေ့က လူရွှင်တော်ဇာဂနာကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အာဏာပိုင်များက ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် လေဘေး ကယ်ဆယ်ရေးလုပ်ငန်းမှတ်တမ်း စီဒီ ဓာတ်ပြား၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသောည စီဒီ ဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တခု၊ အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းဆည်းသွားခဲ့သည်။
ကိုဇာဂနာသည် မေလ ၃ ရက် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာကစတင်၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ကို တခြားသော အနုပညာရှင်ပေါင်းများစွာနှင့် လက်တွဲလုပ်ကိုင်နေသူဖြစ်သည်။ မုန်တိုင်း တိုက်ပြီး၍ တလခန့် အကြာတွင် လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ လေဘေး ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဖမ်းဆီးမခံရမီ အချိန်အထိ ပူးတွဲ လုပ်ကိုင်လျှက်ရှိသည်။
ယခုကဲ့သို့ လေဘေး ဒုက္ခသည်များကို ကူညီနေသူ ကိုဇာဂနာအား ဖမ်းဆီးခြင်းသည် ဒုက္ခသည်များအတွက် ကူညီပေးရေး လုပ်ငန်းကို ဖျက်ဆီးခြင်းပင် ဖြစ်သည်ဟု ဆရာမကြီး ဒေါ်ကြည်ဦးကပြောသည်။
“သူ့မျက်နှာနဲ့ ဆက်လှူမှာတွေကလည်း ရှိသေးတယ်၊ ဟို အဝေးနယ်မှာရှိတဲ့ မိန်းမအလှကျွန်း၊ ခမောက်စု ဆိုတဲ့ ရွာ၊ စပ်စု ဆိုတဲ့ရွာ တွေကို သွားပြီးလို့ တရက်ပဲ ရှိသေးတယ်၊ မောင်သူရကို ခေါ်သွားတာ၊ အဲဒီမှာ မျိုးစပါး၊ ဆီ၊ ဆား ဝယ်ပေးမယ်ဆို တာတွေ ပြောခဲ့တာ၊ ဒီမှာလည်း ဝယ်ထားတာ လက်စလက်နတွေရှိသေးတယ်၊ ရေသန့်တွေ အတွက် စရံပေးထားတာတွေရှိ သေးတယ်၊ အဲဒီလို သူများ အလှူအတန်းလုပ်နေတာကို ဖျက်ဆီးလိုက်သလိုဖြစ် တာပေါ့” ဟု ဆရာမကြီး ဒေါ်ကြည်ဦးက ဆက်လက်ပြောကြားသည်။ ထိုသို့ လူရွှင်တော်ဇာဂနာကို ဖမ်းဆီးပြီးနောက် ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် လေဘေးသင့် ပြည်သူ များကို ခုတုံးလုပ်အသုံးချသူများနှင့် လုပ်ကြံသတင်းများကို ပြည်ပသတင်းမီဒီယာများသို့ ပေးပို့ ကိုယ်ကျိုးရှာနေ သူများ ရှိနေကြောင်း တိုက်ဆိုင်စွာ ရေးသား ဖော်ပြထားသည်။
သတင်း Irrawaddy

စစ်အစိုးရ သတင်းစာက နိုင်ငံတကာ သတင်းဌာနများကို ပုတ်ခတ်ရေးသား။

နိုင်ငံတကာရှိ လွတ်လပ်သည့်သတင်းဌာနများက မြန်မာနိုင်ငံရှိ ကိုယ်ကျိုးရှာ အတ္တသမားများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံ သိက္ခာကျစေရန် လေဘေးဒုက္ခသည်များ ထောက်ပံ့ကူညီမှုကင်းမဲ့နေသယောင် အထင်မှားအောင် လုပ်ဆောင်နေကြ သည်ဟု စစ်အစိုးရ ထုတ် သတင်းစာများက ပုတ်ခတ်ထားသည်။
မြန်မာနိုင်ငံရှိ မသမာသူများသည် ဧရာဝတီတိုင်း လပ္ပတ္တာနှင့် ဘိုကလေးနယ်များသို့သွား၍ လုပ်ကြံ ဖန်တီး ဗီဒီယိုပြကွက်များရိုက်ကူးကာ ပြည်ပသတင်း ဌာနများသို့ ပေးပို့လျက်ရှိသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။
“ဗီဒီယိုသတင်းများ ရိုက်ကူးရယူရာတွင် မသိနား မလည်သူလေဘေးသင့် ပြည်သူများကို ငွေပေး စည်းရုံး၍ လည်းကောင်း၊ ကြိုတင်စည်းဝါး ရိုက်ထား သည့် ၎င်းတို့၏ အမာခံများကို ရှေ့ဆောင်မေးခွန်း များမေး၍လည်းကောင်း၊ အဆိုးမြင်လုပ်ကြံ အဖြေ များကိုပေးစေကာ ရိုက်ကူးထားကြောင်းနှင့် တချို့သော နေထိုင်ရေး၊ သန့်ရှင်းရေး၊ စားသောက် ရေးလိုအပ်ချက်များကို တဆိတ်တအိတ်လုပ်ကာ ပုံကြီးချဲ့သတင်းများ ရိုက်ကူးကြကြောင်း သိရှိရ သည်”ဟု ကြေးမုံသတင်းစာတွင် ရေးသားထား သည်။
စစ်အစိုးရသတင်းစာက အတ္တသမား၊ မသမာသူ များနှင့် ပြည်ပသတင်းဌာနများဟု နာမ်စားများသုံး ၍သာစွပ်စွဲရေးသား ထားခြင်းဖြစ်ပြီး မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်ဌာနအား ရည်ညွှန်းသည်ကို ဖော်ပြထားခြင်းမရှိသကဲ့သို့ အကြောင်းအရာပိုင်း ၌လည်း တိကျခိုင်မာသည့်အချက်အလက်များဖြင့် ကိုးကားဖော်ပြထားခြင်းမရှိပေ။
မုန်တိုင်းဒဏ်ခံရသည့်ဒေသများသို့ သွားရောက်ကူညီနေသည့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတဦးက “နိုင်ငံတကာ အကူအညီတွေကို သတင်းမှတ်တမ်းတွေမရှိဘဲနဲ့ ဘယ်လိုလုပ်ရနိုင်မှာလဲ။ ဒါက ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပဲလေ။ ကျမတို့သွားခဲ့တဲ့နေရာတွေမှာတွေ့ခဲ့တာတွေနဲ့ မီဒီယာတွေက ဖော်ပြတာ တထပ်တည်းပါ … ဒါတွေဟာ မဟုတ်ဘူးလို့ ဘယ်သူကပြောတာလည်းလို့ ပြန်မေးရမှာ … ပြောတဲ့လူက သက်သေပြရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ပြည်ပသတင်းဌာနများ၏ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများကိုကြည့်ရှူရသဖြင့် မုန်တိုင်းဒုက္ခသည်များကို ကူညီလိုသည့် စေတနာရှင် ပိုမိုများပြားလာကြသည်ဟုလည်း အဆိုပါ ကယ်ဆယ်ရေးလုပ်သားက ပြောသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) ၏ ထိုင်းနိုင်ငံတာဝန်ခံ ဦးတိုးဇော်လတ်က “ဒီဗီဘီ က စစ်အစိုးရ မီဒီယာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလိမ့်မယ်။ ဒါပေမယ့် တကယ့်ဖြစ်ရပ်မှန်ကို လိုက်လံတူးဆွပြီး တင်ပြဖို့တာဝန်ရှိတယ်လို့ ယူဆပြီး သတင်းတွေကို ဖော်ပြနေတာပါ”ဟု ပြောသည်။ “မြန်မာ့ရုပ်မြင်သံကြားမှာ ပြနေတာတွေက ဗိုလ်ချုပ်တွေက ဟိုဟာပေး၊ ဒီဟာပေးတာတို့ … ပြနေတာတွေက စိတ်မချမ်း သာစရာ တကွက်မှမပါဘူး။ လူတွေ သိန်းနဲ့ချီပြီးသေတဲ့ကိစ္စမှာ အနည်းဆုံးစိတ်မချမ်းသာစရာ တခုမှမတွေ့ရဘူး။ တကယ် တမ်းက ဟုတ်မှမဟုတ်တာ” ဟုလည်း ဦးတိုးဇော်လတ်က ပြောသည်။

သတင်း = ဧရာဝတီသတင်းဌာန

မုန်တိုင်းကာလ အကျဉ်းသားများကို ပစ်သတ်မှု စုံစမ်းရန် ကုလ ကိုယ်စားလှယ် တောင်းဆို

လွန်ခဲ့တဲ့လ နာဂစ်မုန်တိုင်းကျတဲ့ ကာလအတွင်း အကျဉ်းသား ၃၆ ယောက် ကို ပစ်သတ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ စုံစမ်းစစ်ဆေးဖို့ စစ်အစိုးရကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေက အကျဉ်းသားတွေကို အဲဒီလို ပစ်သတ်လိုက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စစ်အစိုးရက တုံ့ပြန်ပေးဖို့ ကိုယ်စားလှယ် အသစ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPPB) ရဲ့အဆိုအရ၊ အဲဒီလို ပစ်ခတ် သတ်ဖြတ်မှုဟာ လေမုန်တိုင်း ကျပြီး နောက်နေ့ မနက်ခင်းမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ထပ် အိပ်ဆောင်တခုမှာ မုန်တိုင်းကြောင့် အမိုးတွေ လန်၊ ရေတွေ ၀င်၊ အကျဉ်းသားတွေလည်း မိုးတွေစိုရွှဲ နေကြပေမယ့်၊ မနက် အိပ်ဆောင်ကို ထောင်အာဏာပိုင်တွေက ဖွင့်မပေးခဲ့ကြပါဘူး။ AAPPB က ကိုတိတ်နိုင် က အခုလို ပြောပြပါတယ်။
“အကျဉ်းသားတွေက မိုးရွာထဲမှာ ဒီအတိုင်း နေနေခဲ့ရတယ်။ နောက်ဆုံး မခံမရပ်နိုင်တဲ့အဆုံး အကူအညီ တောင်းတယ်။ တောင်းလို့မရတဲ့အခါကျတော့ ထွက်ပေါက်ရှာတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ တချို့ နှစ်ကြီးသမားတွေ ရှိတယ်။ အဲဒီလူတွေက တိုင်တွေကို မီးရှို့တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီလို မီးလောင်တဲ့အခါ တချို့ အကျဉ်းသားတွေက တံခါးတွေဖွင့်၊ တွန်းဖွင့်ပြီးတော့ ပြေးမိပြေးရာ လျှောက်ပြေးနေတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ အဲဒ်ီအချိန်မှာ ထောင်အာဏာပိုင်တွေက ထောင်တံခါးလည်း မဖွင့်ပေးဘူး။ အခန်းတံခါးလည်း မဖွင့်ပေးဘူး။ မဖွင့်ပေးတဲ့အပြင် အဲဒီ ဘယ်ကို ပြေးလို့ပြေးရမှန်းမသိတဲ့ အကျဉ်းသားတွေကို တုတ်တွေနဲ့ ရိုက်တယ်။ ခါးပတ်တွေနဲ့ ရိုက်တဲ့ အခြေအနေမျိုးတွေ ဖြစ်တဲ့အခြေအနေမှာတော့ မနက် ၉ နာရီ ၁၀ လောက်ကျတော့ သေနတ်တွေနဲ့ ပစ်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ၃၆ ယောက် သေတယ်လို့ ကျနော်တို့ သတင်းရပါတယ်။”
မြန်မာ အာဏာပိုင်တွေကတော့ ထောင် လုံခြုံရေးတပ်ဖွဲ့တွေ ဒါမှမဟုတ် စစ်တပ်က အဲဒီလို ပစ်ခတ်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အခုလို ပြောခဲ့ပါတယ်။
“မုန်တိုင်းကျနေတဲ့ အတောအတွင်း၊ အင်းစိန် အကျဉ်းထောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ အဖြစ်အပျက်အတွင်း ဘယ်သူမှ မသေခဲ့သလို အနာတရလည်း မရခဲ့ကြပါဘူး။ အကျဉ်းထောင် လုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ဟာ ဘယ်အခြေအနေမှာမှ အကျဉ်းသားတွေကို လက်နက် အသုံးပြုခြင်း မရှိခဲ့ပါဘူး။” - လို့ မြန်မာသံအမတ်ကြီးက ပြောသွားခဲ့တာပါ။
ဒါပေမယ့် အဲဒီလို ထောင်ထဲမှာ ကစဉ့်ကလျား ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး၊ ထောင် အာဏာပိုင်တွေက စစ်ကြောရေး ၀င်ခဲ့ပြီး အကျဉ်းသားပေါင်း ၉၈ ယောက်ကို တိုက်ပိတ်ခဲ့တယ်လို့ ကိုတိတ်နိုင်က ဆိုပါတယ်။
“တိုက်ပိတ်တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား ၇ ယောက်ပါတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီလို စစ်ကြောရင်းနဲ့ ၄ ဦး ထပ်ပြီး သေဆုံးသွားတယ်လို့ ကျနော်တို့ သိရတယ်။”
လူ့အခွင့်အရေးအဖွဲ့တွေက အဲဒီလို ရိုက်နှက် ပစ်ခတ်တာကို စိတ်ထင်သလို သတ်ဖြတ်မှုလို့ ခေါ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား က ဒီကိစ္စ ရှင်းလင်းသွားအောင် စုံစမ်းစစ်ဆေးရာမှာ မြန်မာစစ်အစိုးရ အနေနဲ့ ပွင့်လင်း မြင်သာတဲ့ စုံစမ်းစစ်ဆေးမှု လုပ်သင့်တယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေထောင့်က ပြောရင်၊ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုကို ဘယ်လို နားလည်ကြပါသလဲလို့ ကိုတိတ်နိုင်ကို မေးကြည့်တဲ့အခါ အခုလို ပြောပါတယ်။
“အကျဉ်းထောင်ထဲက လူတွေ ပြောပြချက်အရကတော့ အိုင်စီအာစီ ကို စုံစမ်းစစ်ဆေး စေချင်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးစေချင်တယ်။ ဘယ်လို စစ်ဆေးရမလဲ ဆိုတဲ့ဥစ္စာလည်း သူတို့က ပြောထားတာ ရှိပါတယ်။”
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က အာရှ တာဝန်ခံ မစ္စတာ ဘရတ် အဒမ် (Brad Adam) ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန် အကျဉ်းထောင်ကို သွားရောက် စစ်ဆေးစဉ်က အကျဉ်းထောင်ထဲမှာ စစ်အစိုးရက အသံဖမ်း စက်တွေ တပ်ခဲ့တဲ့အဖြစ်ကို ပြန်ပြောင်း ပြောပြရင်း စစ်အစိုးရ လုပ်ဆောင်သင့်တဲ့ အချက်တွေကို အခုလို ဗွီအိုအေကို ပြောပါတယ်။
“အကျဉ်းသားတွေကို လွတ်လပ်စွာ တွေ့ဆုံခွင့် ပေးသင့်ပါတယ်။ ဒါမှ အကျဉ်းသားတွေဟာ အာဏာပိုင်တွေက သူတို့ ပြောတာကို ကြားသွားမှ မစိုးရိမ်ဘဲ သူတို့ သိသမျှ ပြောနိုင်ကြမှာပါ။ တခါက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ပင်ညဲရိုး အဲဒီလို တောင်းဆိုစဉ်က အစိုးရက ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူ အကျဉ်းသားကို တွေ့ဆုံမေးမြန်းတဲ့အခါ၊ စာပွဲအောက်မှာ လျှို့ဝှက် အသံဖမ်းစက် တပ်ထားတာ တွေ့ရပါတယ်။ အစိုးရကို မယုံကြည်နိုင်တော့ တာကြောင့် သူ တိုင်းပြည်က ချက်ချင်း ပြန်ထွက်လာခဲ့တာကို ခင်ဗျား မှတ်မိကောင်း မှတ်မိမှာပါ။” - လို့ သူက ပြောသွားတာပါ။
တကယ်လို့ အစိုးရက အဲဒီလို စုံစမ်းစစ်ဆေးမှု မလုပ်ဘူး ဆိုရင်တော့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟာ ဒီကိစ္စကို လူ့အခွင့်အရေး ကောင်စီကို ယူသွားပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အထူး အစည်းအဝေး တစ်ရပ်ကို တောင်းဆိုသင့်တယ်။ ပြီးတော့ လုံခြုံရေးကောင်စီကိုလည်း တင်ပြ သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့မှ အာရှတာဝန်ခံ မစ္စတာ ဘရတ် အဒမ်က ပြောသွားတာ ဖြစ်ပါတယ်။
VOA သတင်း

ဘယ်မှာလည်း ဘ၀လုံခြုံရေးဆိုတာ

နအဖက ပြည်သူတွေ ဘ၀လုံခြုံရေးကို လုံးဝ မကာကွယ်ပေးနိုင်ပါလား။
မုန်တိုင်းဘေးဒဏ် ကျရောက်ခဲ့တဲ့နေရာဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ ဆရာဝန်တစ်ယောက် ပြောပြလာတာ ကြားရတယ်။
မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ မိန်းကလေးတွေရဲ့  လုံခြုံရေး၊ လိင်ကိစ္စနဲ့  ပတ်သက်တဲ့ လုံခြုံရေးဟာ အတော်လေး စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့  ကြားရပါတယ်။
မုန်တိုင်းတိုက်ပြီးစက ရေထဲမှာ ဒုက္ခရောက်လာတဲ့ မိန်းကလေးအချို့ ဟာ ဆယ်ယူသလိုနဲ့  ကုန်းပေါ်ဆွဲတင်ပြီး မုဒိန်းကျင့်ခံရပြီးတဲ့နောက် သတ်ပစ်ခံရကာ ရေထဲ မျှောပစ်တာမျိုးတွေ ခံခဲ့ရတာတွေ ရှိတယ်လို့ ကြားခဲ့ရကြောင်း သူကပြောပါတယ်။
ဒီထက်ပို တိကျတဲ့ သတင်းကတော့ ကယ်ဆယ်ရေးကလိုလို၊ ကြံ့ ဖွတ်ကလိုလို ဟန်ဆောင်ထားသူ တစ်ယောက်ဟာ မိန်းကလေးတစ်ယောက် (အသက်မပြည့်သေးတဲ့ ကလေးလေး) နဲ့  သူမရဲ့  မောင်ငယ်လေးတို့ ကို ဒုက္ခသည်စခန်းကို ပို့ ပေးမယ်ဆိုပြီး ခေါ်လာပြီးနောက်၊ တစ်နေရာကို ခေါ်သွားပြီး၊ မိန်းကလေးကို အဓမ္မကျင့်ပြီးနောက် တွေ့ ရာနေရာ တစ်နေရာကို ပို့ ပစ်ခဲ့တယ်လို့  ဆိုပါတယ်။ သိပ်မကြာခင်အချိန်မှာ ကောင်မလေးက ဆေးခန်းတစ်ခုကို သူ့ နည်းသူ့ ဟန်နဲ့ ရောက်လာပြီး အဲဒီက ဆရာဝန်ကို ဒီအဖြစ်ကိုပြောပြတော့ ဆရာဝန်က နောက်ကျမှ ရောက်လာတဲ့အတွက် သူဘာမှမတတ်နိုင်ကြောင်း စိတ်မကောင်းစွာနဲ့  ပြောပါသတဲ့။ (တကယ်က အခုခေတ်မှာ ကာမစပ်ယှက်ခံရပြီးနောက် (၇၂) နာရီအတွင်းမှာ ကိုယ်ဝန်မရအောင် သောက်လို့ ရတဲ့ ဆေးရှိတယ်လို့  ဆိုပါတယ်)။ အဲဒါ တကယ့်ကယ်ဆယ်ရေးစခန်းကို ရောက်လို့ အဲဒီကသူတို့ ဆရာဝန်တွေက သိရတဲ့ အချိန်မှာ ခုနစ်ရက်လောက် ကြာသွားပြီ။ ဘာမှလုပ်လို့  တကယ်မရတော့ဘူးလို့ ကြားရပါတယ်။
နအဖအနေနဲ့ လည်း ကိုယ်ကိုတိုင်လည်း မုန်တိုင်းဘေးဒုက္ခဘေးခံစားနေရတဲ့သူတွေကို ထိထိရောက်ရောက် လက်တွေ့ မှာလည်း မကာကွယ်ပေးနိုင်ဖူး၊ ကယ်လည်း မကယ်တင်ပေးနိုင်ဖူး၊ လုံလောက်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေလည်း မရှိဖူး၊ တတ်ကျွမ်းတဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတတ်ပညာတွေလည်း မကျွမ်းကျင်ဖူးဆိုရင် နိုင်ငံတကာက အသိပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့  ပြည်တွင်းက ကျွမ်းကျင်သူများနဲ့  လွတ်လွတ်လပ်လပ်တွဲဖက်ပေးပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေဘ၀ကို မိမိတို့ အာဏာမက်မောတည်မြဲရေးထက် ပိုပြီး အလေးပေးသင့်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ ဒီလို လူမသိ သူမသိ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေ ပြည်သူတွေမှာ ခံစားကြုံတွေ့ ရနေဦးမှာ မလွဲပါဘဲ။
ပြည်သူတစ်ဦးချင်းစီတိုင်း ဘ၀လုံခြုံမှုပေးနိုင်တဲ့ စစ်မှန်တဲ့ အုပ်ချူပ်သူ ပြည်သူ့  အစိုးရလက်အောက်မှာ ဘ၀ရှင်သန် ဘေးရန်ကင်းခွင့် မနှေးအမြန် ပေါ်ပေါက်ပါစေလို့  ဆုတောင်းပေးလျက်ပါ။

ပြည်သူ့အသဲ ကိုဇဂနာ

ဇာဂနာ တဲ့ သွားဝေဒနာ ကုသရေးမှာမရှိမဖြစ် လိုအပ်တဲ့ တန်ဆာပလာ ရီစရာအဖြစ် နာမည်လေးယူခဲ့ပုံ ရတယ်။ ဟုတ်တယ်၊ ဝေဒနာကုဖို့  သူ လူဖြစ်လာတယ်သွားဝေဒနာတွေထက် အဆပေါင်းများစွာ ပိုပြင်းထန်တဲ့ စစ်ဖိနပ်အောက်က ပြည်သူ့ အနာခံစားမှုတွေဘ၀နဲ့  ရင်းပြီး ရိုးသားစွာ ကူညီဖေးမသူကုသတယ်။ လူတိုင်းနဲ့မတူ ဟာသလေးတွေနဲ့သာ ကူညီ ဖေးမ အမှန်တရားတွေကို ကြိုစား ဖေါ်ဆောင်ပြပေမဲ့ ရယ်စရာလေးတွေ ကိုပဲ ကြောက်စရာလို့ ထင်လက်နက်ထောင်သောင်းနဲ့ ဗိုလ်ပါတွေကို မြင်တော့ အော် ရယ်စရာတွေကိုလုပ်တာ ကိုဇာဂနာမှ မဟုတ်ပဲထမီသာ ၀တ်ထားဖို့ ကောင်းတဲ့သနားတယ် ထင်စရာသေနတ်ကိုင် စစ်ဗိုလ်ချုပ် လူ့ မလှိုင် ဂူးဒန် ဂန်ဒူးကြီးများပဲဆိုတာသိပြီးရင်း သိလာရတယ်။ ဒို့အသဲ ကိုဇာဂနာကြီး ကတော့ပြည်သူ့ အတွက်ဆိုလာမဲ့ဘေးပြေးတွေ့ ကြောက် မွှေးပါသူနဲ့သာနှုတ်လို့ အားနည်းသူ ပြည်သူကို စေတနာမှန်စွာ အမြဲ အားဖြည့်ခဲ့တယ်။ကိုသူရဆိုတဲ့ ပြည်သူ့အသဲ ဒေါက်တာဇာဂနာ မြန်ပြည် မှာ သင်ဟာ ကြယ်တပွင့် တကယ့်သူရဲကောင်းကြီးအဖြစ်ဒို့ ပြည်သူတွေအားလုံး ဂုဏ်ယူပြီးရင်း ဂုဏ်ယူ နေတဲ့ ပြည်သူ့ ဘက်တော်သားအစစ်အမှန်ဟာသဥာဏ်များနဲ့ အမြဲကူညီတတ်တဲ့ဇာနည်သားကောင်း လမ်းပြ အလင်းရောင် မီးရှူးတန်ဆေါင်တခု။ ။

ဆိုင်ကလုန်းဒုက္ခသည်များ ပိုမိုအန္တရာယ်ကျရောက်စေရန် စစ်စိုးရလုပ်ဆောင်။

မြန်မာစစ်အစိုးရသည် ကယ်ဆယ်ရေး အထောက်အကူများ ဒုက္ခသည်များထံ မရောက်စေရန် ဟန့်တားထားသကဲ့သို့ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လည်း အတင်းအကျပ် မောင်းထုတ် နေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားသည်။“နအဖရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းရှည်ကြီးအရဆိုရင် လူသားချင်း စာနာထောက် ထားမှု အေဂျင်စီတွေအနေနဲ့ မိမိတို့ အကူအညီပေးမှုကို နအဖက လမ်းကြောင်းပြောင်းနေတာ၊ ပိတ်ဆို့နေတာတွေကို အထူးသတိပေးသင့်ပါတယ်” ဟု မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် သတင်းအချက်အလက် များ စုဆောင်းရန် မြန်မာနိုင်ငံတွင်းရောက်ရှိခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ သုတေသနအရာရှိ ဘင်ဂျမင်ဇာဝတ်ကီးက ယမန်နေ့တွင် ထုတ်ဖော် ပြောကြားသည်။ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် အခြားနေရာများတွင် ခိုလှုံနေထိုင်နေကြသည့် ဒုက္ခသည်များသည် အတင်းအကျပ် နေရာရွှေ့ပြောင်းမှုခံရသည်မှာ အကြိမ် (၃၀) ကျော် ရှိပြီ ဖြစ်ကြောင်း သုတေသနပြုချက်များကို ကိုးကားပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန်သည်။ လွန်ခဲ့သည့်နှစ်ပတ်အတွင်း နေရာပြောင်းရွှေ့မှုများကို ပိုမိုစနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြောင်း၊ နေစရာ မရှိ၍ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာ မြို့များသို့ လာရောက် ခိုလှုံနေကြသည့် ဒုက္ခသည်များကို အစိုးရအာဏာပိုင်များက အတင်းအကျပ် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ခိုင်းခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ပါရိှသည်။ ထို့ပြင် ဖျာပုံမြို့တွင် ဒုက္ခသည်စခန်း (၄၅) ခု ရှိခဲ့ရာ မေ (၂၈) ရက်တွင် စခန်း (၃) ခုသာ ကျန်ရှိ တော့ကြောင်း၊ မေ (၂၃) ရက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း ရွှေပေါက်ကံရှိ တရားဝင်ဒုက္ခသည် စခန်းမှ ဒုက္ခသည် (၃၀၀၀) နှင့် ဒလမြို့နယ် အထက (၂) ရှိ တရားမ၀င်ဒုက္ခသည်စခန်းမှ လေဘေးဒုက္ခသည်များကို အတင်းအကျပ် ဖယ်ရှားပစ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ထောက်ပံ့ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ထိန်းသိမ်း ထားခြင်းများလည်း ပါဝင်သည်။ ထောက်ပံ့ပစ္စည်း များကို မုန်တိုင်းဒုက္ခသည်များထံ လွှဲမပေးဘဲ အစိုးရအရာရှိများက ထိန်းသိမ်းထားခြင်း၊ လမ်းကြောင်းပြောင်းခြင်း၊ ထိန်ချန်ထားခြင်းတို့နှင့် ပတ်သက်၍ တိုင်ကြားမှု(၄၀)ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လက်ခံရရှိသည်ဟု ဆိုသည်။ ထိုကဲ့သို့ နအဖ အရာရှိကြီးများက မဟုတ်မဟတ် လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ တိုင်ကြား အစီရင်ခံမှုများ ရှိနေသော်လည်း ဒေသခံအရာရှိများအနေဖြင့် အပြစ်ပေးခြင်းမခံရကြောင်း၊ ဥပမာ ဆိုရလျှင် မေ (၂၆)ရက်၌ ရဲမှူး ဦးလူဝင်းသည် လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားပေါ် တွင် မြန်မာပုဂ္ဂလိက အလှူရှင်များ၏ လေဘေးအလှူ ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား (၄၈)စီးကို ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေ၏ပြောဆိုချက်ကို လက်ခံရရှိထားကြောင်း၊ အဆိုပါကား များကိုဇွန်လ (၁) ရက်နေ့အထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း စသဖြင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ပြထားသည်။ ။

သံရုံးမှ ထွက်ပြေးမှုများလာမည်ကို နိုင်ငံခြား မြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်နေ

လန်ဒန်မြန်မာသံရုံးမှ မြန်မာသံတမန်တဦးနှင့် မိသားစု ထွက်ပြေးပြီးနောက်ပိုင်း မြန်မာသံတမန်များ အလားတူ ထွက်ပြေးမည်ကို နိုင်ငံခြား မြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်မကင်းဖြစ်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ ရုံးအုပ်ကြီးအဆင့်ရှိဒေါ်နွယ်နီနှင့်မိသားစု နေပြည်တော်ပြန်ပြောင်းရမည့်အချိန်တွင် သံရုံးမှ ထွက်ပြေးပြီး ဗြိတိသျှအစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့သည့်အတွက် နိုင်ငံခြားမြန်မာသံအမတ်ကြီးများယခုကဲ့သို့ စိုးရိမ်မကင်း ဖြစ်နေခြင်းဖြစ်သည် ဟု အမည်မဖော်လိုသည့် သံတမန်တဦးက ပြောသည်။လက်ရှိ နိုင်ငံခြားမြန်မာသံအမတ်ကြီးအများစုမှာ ဗိုလ်မှူးကြီးအဆင့်အနိမ့်ဆုံးရာထူးရှိသည့် စစ်ဘက်အရာရှိများဖြစ်သည်။ နိုင်ငံခြား တိုင်းပြည် များတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာ သံအမတ်ကြီးများကို ၂၀၀၄ ခု ဒီဇင်ဘာ (၂)ရက်နေ့အရောက် ရန်ကုန်ပြန်လာ သတင်းပို့ခိုင်းပြီး မကြာခင် စစ်ဘက်အရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။နိုင်ငံခြားမြန်မာသံရုံးများမှ ထွက်ပြေးသည့် အရပ်ဘက်ဝန်ထမ်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ပြောင်းပြီးနောက်ပိုင်း အပြေးများလာသည်ဟု နေပြည်တော်အရာရှိတဦးက ပြောသည်။ အထူးသဖြင့် နိုင်ငံခြားမှာ တာဝန်ကျသည့် နှစ်ပြည့်၍ နေပြည်တော် ပြန် ပြောင်းရမည့်အချိန် မျိုးတွင် မြန်မာသံရုံးမှ ထွက်ပြေးလေ့ရှိသည်ဟု ပြောသည်။ မကြာခင်နှစ်များအတွင်း ဘန်ကောက်မြန်မာသံရုံးမှ မြန်မာသံတမန်အမျိုးသမီးနှင့် မိသားစု ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟု သံတမန်သတင်း ရပ်ကွက်ကပြောသည်။ ၂၀၀၅ ခုနှစ်ကလည်း အမေရိကန်နိုင်ငံမြန်မာ သံရုံးဒု-သံအမတ် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် အမေရိကန် ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သည်။ ဗိုလ်မှူးအောင်လင်းထွဋ်သည် ဇနီး၊ သား (၁)ဦး၊ သမီး (၂) ဦး၊ ညီမ (၁) ဦးတို့နှင့်အတူ နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့ခြင်း ဖြစ်သည်ဟု Washington Post သတင်း စာက ရေးခဲ့သည်။ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချူပ်ကျော်ဝင်း၏ တရားမ၀င်ဇနီးဟု စွပ်စွဲခံရသည့် မြန်မာအမျိုးသမီးတဦး ၀ါရှင်တန်ရောက်ပြီး မကြာခင် ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ်နှင့်မိသားစု နိုင်ငံရေး ခိုလှုံခွင့် တောင်းခဲ့ခြင်း ဖြစ်သည်။ ။

နအဖ၏ ဖွဲ့ စည်းပုံကို အသိအမှတ်မပြုကြောင်း ကြေညာချက်ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ် ပေါင်း စုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံး

မြန်မာစစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းသားလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး၏ အကျိုးစီးပွားနှင့် ဘ၀လုံခြုံမှုကို အာမခံချက်မပေးနိုင်သည့်အပြင် နိုင်ငံတော် အနာဂတ်ကို မီးလောင်တိုက်သွင်း စေမည့် ဖွဲ့စည်းပုံ ဖြစ်သည့်အတွက် အသိ အမှတ်မပြုနိုင်ကြောင်း သံဃာ့တပ်ပေါင်းစုနှင့် ၈၈ မျိုးဆက် ကျောင်း သားများနှင့် ဗကသအဖွဲ့ချုပ်က ကန့်ကွက်လိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲချိန်တွင် ၉၀ ခုနှစ် ရွေးကောက်ပွဲ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ လွတ်လပ်စွာ ပါဝင်ရေးဆွဲခြင်း ခွင့်မပြုသည့်အတွက် တဖက်သတ် ဖွဲ့စည်းပုံအား အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ ပြည်ပဦးဆောင် ဆရာတော် ဦးပညာဇောတက မိန့်ကြား သည်။ "နောက်တချက်က ဒီအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ အချက်အလက်ကလည်းပဲ နအဖ စစ်အစိုးရ သာ လျှင် သက်ဆိုးရှည်ပြီးတော့ ပြည်သူတွေအတွက် ဒီမိုကရေစီနည်းလမ်းနဲ့ ဒီမို ကရေစီစနစ်နဲ့ ကိုက် ညီတဲ့ အချက်အလက်တွေ မပါဘူး။ ရာသက်ပန် တပ်မတော်က နေပြီးတော့ နိုင်ငံတော်ရဲ့ အဓိက နေရာတွေကို ကိုင်ယူထားတယ်။ ထို့အတွက်ကြောင့် မို့လို့ ဒါကိုလည်းပဲ ဦးဇင်းတို့ သံဃာ့တပ် ပေါင်းစု အဖွဲ့ချုပ် အနေနဲ့ အသိအမှတ် မပြုနိုင် ဘူး။ နောက် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်တဲ့နေရာမှာ လည်းပဲ မတရားသောနည်းတွေနဲ့ နောက် မရိုးသားသော နည်းတွေနဲ့ လုပ်တာ အတွက်ကြောင့် လည်းပဲ ဦးဇင်းတို့အနေနဲ့ အသိအမှတ်မပြုပါဘူး။ အဲဒါကြောင့် အဓိက ပြန်ချုပ်ပြောရမယ် ဆိုရင်တော့ သူတို့ပြော ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ မကိုက်ညီတဲ့အတွက် ကြောင့်မို့ လို့ ဦးဇင်းတို့ အနေနဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသိအမှတ် ဘယ်လိုမှ မပြုနိုင်ဘူး။" နိုင်ငံသားတို့အနေဖြင့် နအဖဖွဲ့စည်းပုံကို လေးစားလိုက်နာစရာ အကြောင်း မရှိကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ ထာဝရ အကျိုးစီးပွားကို အမှန်တကယ် အာမခံသည့် ပြည်ထောင်စု ဖွဲ့စည်းပုံတရပ်နှင့် ပြည်သူ့အစိုး ရတရပ် ပေါ်ပေါက်ရေးသည်သာ နိုင်ငံသားတိုင်း၏ အမျိုးသားရေး တာဝန်တရပ်ဖြစ်သည်ဟု တိုက်တွန်းထား သည်။ "ပြည်သူတွေအနေနဲ့ကတော့ လက်ရှိ ဒီပြည်သူ့ဆန္ဒခံယူပွဲဆိုပြီးတော့ အသိအမှတ်ပြု ထားတဲ့ ဒီအ ခြေခံဥပဒေက ပြည်သူတွေရဲ့ လက်ရှိဘ၀ကို ပြောင်းလဲလာအောင် ဖွံ့ဖြိုးတိုးတက် လာအောင် လုပ် ထားတဲ့ ဥပဒေ မဟုတ်တဲ့အတွက်ကြောင့် ဒီဥပဒေဟာ တရားနည်းလမ်းနဲ့ မညီဘူးဆိုတာကို ပြည် သူတွေ သိနေတယ်။ သိနေတဲ့အတွက်ကြောင့် အဲဒါကြောင့် ဒီ ၂၀၁၀ ခုနှစ် ရွေးးကောက်ပွဲ လုပ်လာ ပြီဆိုရင်လည်းပဲ ပြည်သူများအနေနဲ့ ဒီမိုကရေစီ အင်အားစု တွေနဲ့အတူ ရဟန်းရှင်လူ ပြည်သူများ နဲ့အတူ ပူးပေါင်းပြီးတော့ နအဖရဲ့ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို နည်းပေါင်းစုံနဲ့ သပိတ် မှောက်ဖို့ လိုပါ တယ်။" မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံကို အသိအမှတ်မပြုကြောင်း ကြေညာချက်ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ် ပေါင်း စုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် တို့ ပူးတွဲ ထုတ်ပြန်ထားခြင်းဖြစ်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံရန် ၀ိုင်းဝန်းကြိုးပမ်းရန်လို အပ်သည်ဟု ဦးပညာဇောက ဆက်လက်မိန့်ကြားသည်။ "အခု နအဖ ကျင်းပပြုလုပ်ပြီ ဖြစ်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ကုလသမဂ္ဂအနေနဲ့ကလည်းပဲ အသိအ မှတ်မပြုဖို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန် စတဲ့ နိုင်ငံတွေ အာစီယံနိုင်ငံ တွေကလည်းပဲ နအဖ လုပ်နေတဲ့ လုပ်ပြီးဖြစ်တဲ့ အခြေခံဥပဒေကို အသိအမှတ်မပြုဖို့ ဦးဇင်းတို့ ပြည်ပမှာရှိတဲ့ ဒီမို ကရေစီ အင်အားစုကနေပြီးတော့ ပူးပေါင်းပြီးတော့ ဆန္ဒပြပွဲတွေ နအဖရဲ့ မရိုးသားတဲ့ ဆန္ဒခံယူပွဲ လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် သိသာထင်ရှားတဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်ပြီး တော့ ဖော်ထုတ်သွားဖို့ လိုအပ်ပါတယ်။" မြန်မာစစ်အစိုးရက ၁၉၉၃ ခုနှစ်မှ စ၍ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်တိုင် အမျိုးသားညီလာခံ ခေါ်ယူပြီး ၄င်းတို့ စိတ်ကြိုက်ရွေးခြယ်ထားသူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့ပြီး မေလ ၁၀ ရက်နှင့် ၂၄ ရက် နေ့တွင် ပြည်လုံးကျွတ် လူထုဆန္ဒယူပွဲ ကျင်းပခဲ့သည်။ ထို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲတွင် လာရောက်မဲပေးသူ ၉၈ ဒသမ ၁၂% ရာခိုင်နှုန်း ရှိပြီး ထောက်ခံမဲပေးသူ ၉၂ ဒသမ ၄၈% ရာခိုင်နှုန်း ရရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုလိုက်သည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။
(ခွန်အောင်မြတ် - NMG မှ တစ်ဆင့်ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။